ကိုဗစ်ပိုးတွေဟာ သွေးအမျိုးအစားပေါ်မူတည်ပြီး ကူးစက်နိုင်ခြေ ကွဲပြားသလား
အတန်ငယ်ငြိမ်သက်တည်ငြိမ်နေတဲ့ ကိုဗစ်ကပ်ဘေးရေပြင်ကြီးထဲကို အိုမီခရွန်ရဲ့ ဗီဇပြောင်းမျိုးစိတ်တွေဖြစ်ကြတဲ့ BA4 နဲ့ BA5 တို့ မစာမနာခုန်ချခဲ့ကြပြီးတဲ့နောက်မှာ ဒီကပ်ဘေးကြီးကို သတိထားဖို့ အချိန် တဖန်ပြန်ရောက်လာခဲ့ပါပြီ။
ဆန်းကြယ်ပြီး ခန့်မှန်းမရတဲ့ မျိုးဗီဇပြောင်းလဲမှုတွေနဲ့အတူ လူထုအကြားကို တကျော့ပြန်ရောက်ရှိလာတဲ့ ကိုဗစ်ပိုးအကြောင်း လေ့လာဆန်းစစ်မှုတွေ ပိုမိုပြုလုပ်လာနေကြပြီး ကုသနိုင်ဖို့နည်းလမ်းတွေလည်း အမျိုးမျိုးရှာဖွေနေကြပါတယ်။
ခုချိန်မှာတော့ ကိုလံဘီယာတက္ကသိုလ်က သိပ္ပံပညာရှင်တစ်ချို့က လက်ရှိကူးစက်နေတဲ့ ကိုဗစ်-၁၉ ရောဂါပိုးတွေဟာ သွေးအမျိုးအစားကိုလိုက်ပြီး ကူးစက်နိုင်ခြေ အနည်း/အများခြားနားနေတာမျိုး ဖြစ်နိုင်တယ်လို့ ပြောဆိုလာပါတယ်။ ဒီသိပ္ပံသုတေသနပြုချက်ကို အင်္ဂလန်က နာမည်ကျော် ဆေးသိပ္ပံသုတေသနဂျာနယ်တစ်စောင်ဖြစ်တဲ့ New England Journal of Medicine မှာ ဖော်ပြခဲ့တာပါ။
ကိုဗစ်က သွေးအမျိုးအစားအလိုက် ကူးစက်နိုင်ခြေကွဲပြားသလား
ကိုဗစ်ရောဂါပိုးတွေဟာ သွေးအမျိုးအစားအပေါ် မူတည်ပြီး ကူးစက်ပြန့်နှံ့နိုင်တယ်ဆိုတဲ့ လေ့လာချက်မျိုးကို လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်လောက်တုန်းက တရုတ်ဆေးသိပ္ပံပညာရှင်တွေက တင်ပြခဲ့ဖူးပါတယ်။ ရှောင်နန်ဆေးရုံ Centre for Evidence-Based and Translational Medicine ဌာနနဲ့ ဝူဟန်တက္ကသိုလ်တို့ရဲ့ ပူးပေါင်းလေ့လာမှုတစ်ရပ်မှာ COVID-19 ဟာ သွေးအမျိုးအစားကို လိုက်ပြီး ကူးစက်နိုင်ခြေ ကွာခြားတယ်လို့ ဖော်ပြခဲ့တာပါ။
အဲဒီသုတေသနမှာတော့ A သွေးပိုင်ရှင်တွေဟာ ကူးစက်နိုင်ခြေအများဆုံး (၆၃%)၊ ကုသရအခက်ခဲဆုံး၊ ရောဂါလက္ခဏာ အများဆုံးပြသသူတွေလို့ ဖော်ပြထားပြီး အန္တရာယ်အနည်းဆုံးကတော့ O သွေးပိုင်ရှင်တွေ (၅၂%) ပါတဲ့။
ယခုတစ်ခေါက် အမေရိကန်အခြေစိုက် ကိုလံဘီယာတက္ကသိုလ်က ပညာရှင်တွေရဲ့ လေ့လာချက်မှာလည်း A သွေးပိုင်ရှင်တွေက ကူးစက်နိုင်ခြေအများဆုံး (၄၅%) နဲ့ O သွေးပိုင်ရှင်တွေက ကူးစက်ခံရနိုင်ခြေ အနည်းဆုံး (၃၅%) တို့ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ ရာခိုင်နှုန်းဖော်ပြချက်တွေ မတူညီကြပေမယ့် သွေးအမျိုးအစားအလိုက် ကူးစက်နိုင်ခြေ ကွဲပြားတယ်ဆိုတာကိုတော့ သက်ပြေသနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။
COVID-19 ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်နိုင်သလို လူလူချင်း ထိတွေ့ဆက်ဆံမှုကနေတဆင့်လည်း ကူးစက်နိုင်ပေမယ့် ကိုယ်ခံအားစနစ်ရဲ့ တုန့်ပြန်တွန်းလှန်ပုံ မတူညီမှုကြောင့် ကူးစက်မှုပုံသဏ္ဍာန် မတူညီတာမျိုးဖြစ်နိုင်တယ်လို့ အကြမ်းဖျဉ်းသုံးသပ်ရပါတယ်။
ကိုဗစ်ကပ်ဘေးဟာ အကြွင်းမဲ့ပြီးဆုံးခြင်းမရှိသေးပါ
ရောဂါကူးစက်မှုဟာ နေရာဒေသအလိုက် ကူးစက်မှုနှုန်းနဲ့ ကူးစက်ခံရသူအခြေအနေ ကွဲလွဲတာမျိုးရှိနေတယ်လို့ ယူဆနိုင်ပြီး အခြေခံကျတဲ့ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို လူတိုင်း စနစ်တကျ ပြုလုပ်ထားဖို့က ပိုရေးကြီးပါတယ်။
ခုဆိုရင် အိုမီခရွန်မျိုးကွဲသစ်တွေဟာ ကူးစက်မှုနှုန်းမြင့်တက်လာနေပြီး အိမ်နီးချင်းတိုင်းပြည်တွေမှာ စာသင်ကျောင်းနဲ့ ရုံးတစ်ချို့ပြန်ပိတ်တာမျိုးတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ ရောဂါပျံ့နှံ့မှုဟာ အသက်အရွယ်အပိုင်းအခြားနဲ့ ကိုယ်ခံအားစနစ်အပေါ်မှာ အဓိက ပိုမိုမူတည်နေတာမို့ ဘယ်လိုသွေးအမျိုးအစားမဆို ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာခြင်းမရှိရင် ရောဂါပိုးကူးစက်နိုင်ခြေမြင့်မားနေမှာဖြစ်ပါတယ်။
ကာကွယ်ရေးနည်းလမ်းတွေကတော့
- ကာကွယ်ဆေးကို အကြိမ်ရေ အပြည့်ထိုးနှံထားပါ။
- လက်ကို မကြာခန သန့်စင်စွာ ဆေးကြောပါ။
- တစ်ကိုယ်ရည် သန့်ရှင်းမှုကို အလေးထားပါ။
- အပြင်သွားလျင် Mask တပ်ထားပါ။
- ကိုယ်အပူချိန် ပုံမှန်စစ်ဆေးပေးပါ။
- ကိုယ်ခံအားကောင်းမွန်အောင် စားသောက်၊ နေထိုင်ပါ။
- ဖျားနာ၊ ချောင်းဆိုး၊ နှာချေတဲ့ ဝေဒနာတွေ မိမိမှာရှိနေရင် အပြင်မသွားပါနဲ့။
ဒီနည်းလမ်းတွေကို လိုက်နာခြင်းအားဖြင့် မိမိကိုယ်တိုင်ရော၊ မိမိပတ်ဝန်းကျင်မှာပါ ရောဂါပိုးကူးစက်နိုင်ခြေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ အရေးအကြီးဆုံး သိထားဖို့ကတော့ ကိုဗစ်ကပ်ဘေးဟာ ၃ နှစ်ဝန်းကျင်ဖြစ်လာပြီဖြစ်ပေမယ့် ခုချိန်အထိ ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ ဆေးဝါးမရှိသေးဘူးဆိုတာပါပဲ။
ရေးသားသူ - ရဲဇွန်အောင်